Posted on 2019-12-23 by ခရစ္မ္မာစာ ထောက်ခံရမ်းများ အို ဗက်လင်ဧဖရတ်မြို့၊ အစိုးရသော ယုဒမြို့တို့တွင် သင်သည် မြို့ငယ်မြို့ယုတ်ဖြစ်သော်လည်း၊ ဣသရေလအမျိုးကို အုပ်စိုးရသော သခင်သည် ငါ့အဖို့ သင်၏အထဲမှာ ပေါ်ထွန်းလတ္တံ့။ ထိုသခင်သည် ရှေးကပ်ကမ္ဘာမှစ၍ ပေါ်ထွန်းသောသခင် ဖြစ်၏။ မိက္ခာ 5:2 ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှုလော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သားယောက်ျားကို ဖွားမြင်လတ္တံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရလတ္တံ့။ ဟေရှာယ 7:14 ထိုသို့ ကြံစည်၍ နေစဉ်တွင် အိပ်မက်ကိုမြင်ရသည်မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထင်ရှား၍၊ ဒါဝိဒ်အမျိုးယောသပ်၊ သင်၏ခင်ပွန်းမာရိကို ထိန်းသိမ်းရမည်အခွင့်ကို မစိုးရိမ်နှင့်။ ဤပဋိသန္ဓေသည် သန့်ရှင်းသောဝိညာဉ်တော်ကြောင့်ဖြစ်၏။- သားယောက်ျားကို ဖွားမြင်လိမ့်မည်။ ထိုသားသည် မိမိလူတို့ကိုအပြစ်မှ ကယ်ချွတ်မည်သူ ဖြစ်သောကြောင့်၊ ယေရှုဟူသောအမည်ဖြင့် မှည့်ရမည်ဟု ကောင်းကင်တမန်ဆို၏။ ရှင်မဿဲ 1:20-21 ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည်၊ ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။ ရှင်ယောဟန် 3:16 အကြောင်းမူကား၊ ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကိုသနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ ဟေရှာယ 9:6 နှုတ်ကပတ်တော်သည်လည်း လူဇာတိအဖြစ်ကိုခံယူ၍၊ ကျေးဇူးတော်နှင့်လည်းကောင်း၊ သစ္စာတော်နှင့်လည်းကောင်း ပြည့်စုံလျက် ငါတို့တွင် တည်နေတော်မူသည်ဖြစ်၍၊ ခမည်းတော်၌ တစ်ပါးတည်းသောသားတော်၏ ဘုန်းကဲ့သို့ သူ၏ဘုန်းတော်ကို ငါတို့သည် မြင်ရကြပြီ။ ရှင်ယောဟန် 1:14 အချိန်ကာလစေ့သောအခါ၊ ငါတို့သည် သား၏အခွင့်အရာကို ခံရမည်အကြောင်း၊- ပညတ်တရားလက်၌ရှိသော ငါတို့ကို ရွေးနုတ်စေခြင်းငှာ၊ မိန်းမဝမ်း၌ ပဋိသန္ဓေယူ၍ ပညတ်တရားအောက်၌ ဖွားမြင်ရသော သားတော်ကို ဘုရားသခင်သည် စေလွှတ်တော်မူ၏။ ဂလာတိ 4:4-5 ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ခြင်းမရှိကြနှင့်။ လူအပေါင်းတို့သည် အလွန်ဝမ်းမြောက်ဝမ်းသာစရာ သတင်းကို ငါသည်သင်တို့အား ကြားပြောရ၏။- ယနေ့တွင် ဒါဝိဒ်၏မြို့၌ သခင်ခရစ်တော်တည်းဟူသော ကယ်တင်သောအရှင်သည် သင်တို့အဖို့အလိုငှာ ဖွားမြင်ခြင်းကို ခံတော်မူပြီ။ ရှင်လုကာ 2:10-11 ထိုကောင်းကင်တမန်နှင့်အတူ ကောင်းကင်ဗိုလ်ခြေ အများတို့သည် ချက်ချင်းထင်ရှား၍၊- ကောင်းကင်ဘဝဂ်ဝယ် ဘုရားသခင်သည် ဘုန်းကြီးတော်မူစေသတည်း။ မြေကြီးပေါ်၌လည်း ငြိမ်သက်ခြင်း ရှိစေသတည်း။ လူတို့အား မေတ္တာကရုဏာ ရှိစေသတည်းဟု ဘုရားသခင်ကို ချီးမွမ်း၍မြွက်ဆိုကြ၏။ ရှင်လုကာ 2:13-14 ထိုသူတို့သည် မင်းကြီးစကားကို နာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသော ကြယ်သည် သူတို့ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ ရောက်၍ တည်လျက်နေ၏။- ထိုကြယ်ကို မြင်ပြန်သောအခါ အလွန် ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊- အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကို တွေ့မြင်လျှင် ပျပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကို ဖွင့်ပြီးမှ လောဗန်နှင့် မုရန် တည်းဟူသော နံ့သာမျိုးကိုလည်းကောင်း၊ ရွှေကိုလည်းကောင်း ဆက်ကပ်ပူဇော်ကြ၏။- နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်း အိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ပြည်သို့ အခြားသောလမ်းဖြင့် ပြန်သွားကြ၏။ ရှင်မဿဲ 2:9-12